Media World Art News List
Chinese Tycoons Push Hong Kong Art-Sale

တရုတ်လူကုံထံများ၏အပြိုင်အဆိုင် လေလံဆွဲဝယ်ယူမှုများကြောင့် ဟောင်ကောင် တွင် ကျင်းပသော Christie’s International ၏ ငါးရက်ကြာလေလံပွဲတွင် မျှော်မှန်းထားသည် ထက်ပို၍ ဒေါ်လာ ၁.၆ ဘီလီယံ အထိရရှိခဲ့သည်။ ရှန်ဟိုင်းမှ စုဆောင်းသူ Liu Yiqian ၏ ဇနီး Wang Wei မှ Liu Ye ကဲ့သို့သော ပန်းချီဆရာများ၏ပန်းချီကားများကို လိုက်လံဝယ်ယူမှုများကြောင့် Christie’s မှ မျှော်မှန်း ထားသော ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ ဒေါ်လာသန်းထောင်ပေါင်းများစွာ တန်ကြေးရှိသော တရုတ်ရှေးဟောင်း ပစ္စည်း ဈေးကွက်တွင် တရုတ်ပြည်မကြီးမှ ၀ယ်ယူသူများက အမေရိကန်နှင့် ဥရောပ မှ ၀ယ်ယူသူများကို လွှမ်းမိုးနေရာယူထားသည်။ အနောက်တိုင်းမှ ၀ယ်ယူသူအချို့ကမူ စီးပွားရေး အကျပ်အတည်းကာလတွင် ၀ယ်ယူမှုများကို လျှော့ချထားသည်။ တိုင်ပေအခြေစိုက် အနုပညာကုန်သည် Eric Huang က တရုတ်လူမျိုး လေလံဆွဲ ၀ယ်ယူသူများသည် တည်ငြိမ်အေးဆေးနေသောကြောင့် ခန့်မှန်းရန်ခက်ခဲကြောင်း အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။ “ဒါပေမဲ့ သူတို့တွေဟာ အနုပညာ လေလံဈေးကွက်ရဲ့ ၀ယ်ယူနိုင်စွမ်းမြင့်မားတဲ့ ခုန်အုပ်ဖို့ ဟန်ပြင်နေတဲ့ကျားတွေပါပဲ”ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
Huang သည် ဟောင်ကောင်တွင်ကျင်းပသော Sotheby’s၏ October sale တွင် Zao-Wou-ki ၏ ဆီဆေးပန်းချီကားတချပ်ကို ဟောင်ကောင်ဒေါ်လာ ၁၅.၈ သန်းပေး၍ ၀ယ်ယူခဲ့သည်။ ချမ်းသာသော တရုတ်လူမျိုးအများစုသည် ငွေကြေး ဖောင်းပွမှု ကို ကာကွယ်ရန်အတွက် အနုပညာ ပစ္စည်းများကို ၀ယ်ယူနေကြခြင်းဖြစ်ကြောင်း Huang က ပြောကြားခဲ့သည်။ ထူးခြားမှုရှိသော ပန်းချီကားတချပ်ကို နှစ်အနည်းငယ်ကြာအောင် သိမ်းဆည်းထားပြီး နောက်ပြန်လည်ရောင်းချပါက ဈေးကောင်းကောင်းရနိုင်သဖြင့် Liu ကဲ့သို့ ချမ်းသာသော တရုတ်လူမျိုးများက ၀ယ်ယူရန် လက်မနှေးကြကြောင်း Huang က ဆက်လက် ပြောကြား ခဲ့သည်။ Liu ၏ ဇနီးဖြစ်သူ Wang ကမူ သူမအနေဖြင့် အနုပညာကိုချစ်မြတ်နိုးသောကြောင့် ၀ယ်ယူနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူမအနေဖြင့်ကောင်းမွန်သည်ဟု ထင်သော မည်သည့် ပန်းချီကားကို မဆို ၀ယ်ယူလိမ့်မည်ဖြစ်ကြောင်း သူမ၏ ခင်ပွန်း နှင့် ခြားနားသော ကိုယ်ပိုင် အနုပညာခံစားမှု သူမတွင်ရှိကြောင်း Wang မှ ဆက်လက်ပြောကြားခဲ့သည်။ Wang တို့ ဇနီးမောင်နှံသည် ကိုယ်ပိုင်ပြတိုက်တစ်ခုကို ရှန်ဟိုင်းတွင် တည်ဆောက်နေပြီး အောက်တိုဘာလတွင် ဖွင့်လှစ်မည်ဖြစ်သည်။ ပန်းချီကားများကို တန်ဖိုး မည်မျှလောက် များများ ၀ယ်ယူခဲ့ကြောင်းကို မူ Wang မှ မပြောကြားပေ။

source:Bloomberg
Submitted Date : 10, Dec, 2009